moe bwar

Monday, November 9, 2015

စူဠဓမ္မပါလဇာတ်

ဇာတ်တော် - ၅၅၀ နှင့် ဓမ္မပဒ
ပဉ္စကနိပါတ်၊ မဏိကုဏ္ဍလဝဂ်
စူဠဓမ္မပါလဇာတ်
နတ်နှင့်တကွသော လောကကို ဆုံမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရား သည် "အဟမေဝ ဒူသိယာ ဘူနဟတာ" အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင် အပ်သော ဤစူဠဓမ္မပါလဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် သဗ္ဗညုမြတ်စွာဘုရားအား သတ်အံ့သောငှါ လုံးလပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
ထိုအခါ ရဟန်းတို့သည် တစ်နေ့သ၌ တရားသဘင်ဝယ် 'ငါ့ရှင်တို့ ဒေဝဒတ် သည် ဘုရားအား သတ်အံ့သောငှါ လုံးလပြု၏။ လေးသမားတို့ကို စေ၏၊ ကျောက် ကို လိမ့်၏၊ နာဠာဂိရိဆင်ကို လွှတ်၏'ဟု စကားကို ပြောဆိုကြကုန်၏။သဗ္ဗညု မြတ်စွာဘုရား လာသောအခါ "ရဟန်းတို့ အဘယ်စကားဖြင့် စည်းဝေးကုန် သနည်း'ဟု မေးတော်မူ၍ ' ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏'ဟု လျှောက်ထားလေသည်။ "ရဟန်းတို့ ဒေဝဒတ်သည် ယခု အခါ၌သာလျှင် ငါ့အား သတ်အံ့သောငှါ လုံးလပြုသည်မဟုတ်သေး။ ရှေး၌လည်း လုံးလပြုဖူး၏။ ယခု အခါ၌ကား ထိတ်လန့်ခြင်းမျှ ကိုလည်း ပြုခြင်းငှါ မတတ်နိုင်။ ရှေးစူဠဓမ္မပါလ မင်းသား ဖြစ်သောကာလ၌ မိမိသားဖြစ်သော ငါ့ကိုအသက်ကုန်ခြင်းသို့ ရောက် စေ၍ သန်လျက်ပန်းပြုဖူး၏"ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဟာပဘာပမည်သော မင်းသည် မင်းပြု၏။ ဘုရားလောင်းသည် ထိုမင်း၏ စန္ဒာဒေဝီအမည်ရှိသော မိဘုရားကြီးဝမ်း ၌ ဖြစ်၏။ ဓမ္မပါလဟူသော အမည်ကို မှည့်၏။ ထိုဓမ္မ ပါလမင်းသားကို ၇လရှိ သော ကာလ၌ မယ်တော်သည် နံ့သာရေဖြင့် ရေချိုး၍ ကစားစေလျက် နေ၏။ မင်းသည် မိဘုရားနေရာအရပ်သို့ သွား၏။ မိဘုရားသည် သားကို ကစားစေလျက် သား၌ချစ်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မင်းကို မြင်၍လည်း နေရာမှမထ။ မင်းသည် 'မိဘုရားကား ယခုကပင်လျှင် သားကိုမှီ၍ မာနကိုပြု၏။ ငါ့ကို တစ်စုံတစ်ခုမျှ မမှတ်။ သားကြီး သည်ရှိသော် ငါ့ကို လူဟူသော အမှတ်ကိုမျှ မပြုလတ္တံ့။ ယခု ပင်လျှင် ထိုမင်းသားကို သတ်အံ့' ဟု ကြံစည်၍ မင်း၏နေရာ၌နေ၍ မိမိ အစီအရင် ဖြင့် ငါ့ထံသို့လာစေဟု သူသတ်ကို ခေါ်စေ၏။
သူသတ်သည် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ဆင်လျက် နီသောပန်း ကိုပန် ၍ ပုဆိန်ကို ပခုံး၌ထားကာ စဉ်းနှီတုံးကိုယူဆောင်လျက် မင်းကြီးထံသို့လာ၍ ရှိခိုးကာ 'အရှင်မင်းကြီး အဘယ်အမှုကို ပြုရအံ့နည်း'ဟုလျှောက်၏။ 'အချင်း အသေရေရှိသော အိပ်ရာတိုက် ခန်းသို့သွား၍ ဓမ္မပါလသတို့သားကို ဆောင်ယူခဲ့ လော့'ဟု အမိန့် ပေးလေ၏။
မိဘုရားကြီးလည်း မင်းကြီး အမျက်ထွက်၍ ပြန်သွားသော အဖြစ်ကိုသိ၍ ဓမ္မပါလသတို့သားကို ရင်ခွင်၌ထားကာ ငိုလျက်နေ၏။ သူသတ် သမားလည်း သွား၍ မိဘုရားကြီးကျောကိုပုတ်ခတ်လျက် ဓမ္မပါလ သတို့သားကို ယူပြီးလျှင် မင်းကြီးထံသွားကာ အရှင်မင်း ကြီး အဘယ်သို့ပြုအံ့နည်း လျှောက်ပြန်၏။ အချင်း ပျဉ်တချပ် ကိုယူဆောင်ကာ ရှေ့မှာချပြီးလျှင် ဓမ္မပါလကို အိပ်စေလော့ အမိန့် ပေးပြန်သည်။ သူသတ်သမားလည်း မင်းကြီးအမိန့်ပေးတိုင်း ပြုလေ၏။ စန္ဒာဒေဝီ မိဖုရားကြီးလည်း နောက်မှ ငိုလျက်လိုက်လာ၏
တဖန် သူသတ်သမားသည် အရှင်မင်းကြီး အဘယ်သို့ပြုရမည်နည်း ဟု လျှောက်ပြန်၏။ အချင်း ဓမ္မပါလ၏ လက်တို့ကို ဖြတ်လော့ဟု အမိန့်ပေးပြန်၏။ စန္ဒာမိဘုရားကြီးသည် အရှင်မင်းကြီး ၇လသာ ရှိသေးသော အကျွန်ုပ်၏သားငယ် ကလေးသည် တစုံတခု ကိုမျှ မသိပါ။ သားငယ်ကလေးမှာ အပြစ်မရှိပါ၊ အပြစ် ဖြစ်လျှင် အကျွန်ုပ်၌သာ ဖြစ်ရာ၏။ ထို့ကြောင့် အကျွန်ုပ်၏ လက်တို့ကိုဖြတ်ပါဟု မင်းကြီးအား လျှောက်ထားပြန်သည်။ မင်းကြီးလည်း သူသတ်ကိုကြည့်၏။
ထိုအခါသူသတ်သမားသည် အရှင်မင်းကြီး ဘယ်လိုပြုရမည်နည်း ဟု လျှောက်၏။ အချင်း မကြာမြင့်စေလင့်၊ လက်တို့ကိုဖြတ်လော့ ဟု အမိန့်ပေး ပြန်၏။ ထိုခဏ၌ သူသတ်သမားသည် ထက်လှစွာသော ပုဆိန်ဖြင့် နုလှစွာ သောဝါးညှောက်ကို ဖြတ်သကဲ့ သို့ ဓမ္မပါလ၏ လက်တို့ကို ဖြတ်လေ၏။ မင်းသားသည် မျက်ရည်မယို မငိုကြွေးဘဲ လျှင် ခန္တီမေတ္တာကို ရှေ့ထားပြီး သည်းခံ၏။
စန္ဒာဒေဝီမိဖုရားကြီးကား ပြတ်သောလက်စွန်းတို့ကို ယူ၍ ခါးပိုက်တွင်ထည့် ကာ သွေးလိမ်းကျန်လျက် ငိုကြွေးကာနေ၏။ တဖန်သူသတ်သမားသည် အရှင် မင်းကြီး အဘယ်သို့ ပြုရအံ့နည်းဟု လျှောက်ပြန်၏။ အချင်း ခြေနှစ်ဖက်ကို ဖြတ်လော့ဟု အမိန့်ပေးပြန်၏။ ထိုအခါ စန္ဒာဒေဝီမိဖုရားကြီးသည် အရှင်မင်းကြီး အကျွန်ုပ်သာလျှင် အရှင်မင်းကြီး၏ အပြစ်ကို ပြုပါသည်၊ အကျိုး စီးပွားကို ဖျက် ဆီးပါ၏။ ဤဓမ္မ ပါလကို လွှတ်ပါ၊ အကျွန်ုပ်၏ ခြေတို့ ကိုဖြတ်ပါလော့ဟုလျှောက် ထားပြန်၏။ မင်းကြီးလည်း တဖန်သူသတ်ကိုစေခိုင်းပြန်၏။ သူသတ်သည် ခြေနှစ်ဖက်တို့ကိုလည်း ဖြတ်ပြန်၏။
စန္ဒာဒေဝီမိဖုရားကြီးသည် ခြေပြတ်တို့ကိုကောက်ကာ ခါးပိုက်၌ ထည့်ပြီးလျှင် ငိုကြွေးလျက် အရှင်မင်းကြီး လက်ခြေ မရှိသော သားကို အမိလုပ်ကျွေးရပါ၏။ အကျွန်ုပ်လုပ်ကျွေးပါမည်၊ သားကို အကျွန်ုပ်အား ပေးပါဟု လျှောက်ထားပြန်၏။ သူသတ်လည်း အရှင်မင်းကြီး အကျွန်ုပ် ကိစ္စပြီးပြီလောဟု လျှောက် ထားပြန်၏။ အချင်း မပြီးသေးဟု ပြောပြန်၏။ အရှင်မင်းကြီး အဘယ် သို့ ပြုရမည်နည်းဟု လျှောက်သောအခါ အချင်း ဓမ္မပါလ၏ဦးခေါင်း ကို ဖြတ်လော့ဟု အမိန့်ပေးပြန်၏။ ထိုစကားကြားလျှင် စန္ဒာဒေဝီ မိဖုရာကြီးသည် အရှင်မင်းကြီး အကျွန်ုပ်သာလျှင် အရှင်မင်း ကြီး၏ အပြစ်ကို ပြုပါသည်၊ အကျိုးစီးပွားကို ဖျက်ဆီးပါ၏။ ဤဓမ္မပါလ ကို လွှတ်ပါ၊ အကျွန်ုပ်၏ ဦးခေါင်းကိုဖြတ်ပါလော့ဟု လျှောက်ထားပြန်၍ မိမိ ဦးခေါင်းကိုစင်း၍ ခံလေ၏။ သူသတ်လည်း ဓမ္မပါလ၏ ဦးခေါင်းကို ဖြတ်ပြန်၏။
စန္ဒာဒေဝီမိဖုရားကြီးသည် ပြတ်သောဦးခေါင်းကိုကောက်ယူကာ ခါးပိုက်တွင် ထည့်ပြန်၏။ တဖန် သူသတ်သည် အရှင်မင်းကြီး အဘယ် သို့ ပြုရမည်နည်းဟု လျှောက်ပြန်၏။ အချင်း သန်လျက်သွားဖြင့် ဓမ္မပါလကို ခံ၍ သန်လျက်ပန်းမည် သည်ကို ပြုလော့ဟု အမိန့်ပေး ပြန်၏။ သူသတ်လည်း ဓမ္မပါလကို ကောင်းကင် သို့ ပစ်၍ သန်လျက် သွားဖြင့် အောက်ကခံကာ သန်လျက်ပန်းမည်သည်ကို ပြုလေ၏။ အသွေး အသားတို့သည် ပြသာဒ်အပြင်ဝယ် ဖရိုဖရဲကြဲ၍ကျလေ၏။
စန္ဒာဒေဝီမိဖုရားကြီးလည်း ဓမ္မပါလ၏ အသားတို့ကို ကောက်ယူ၍ ခါးပိုက် တွင် ထည့်ကာ ပြသာဒ်အပြင်၌ ငိုကြွေးမြည်တမ်းလျက်
အချင်းတို့ အကျွန်ုပ်တို့မင်းကြီးကို အရှင်မင်းကြီး၏ ရင်သွေးဖြစ်သော သား တော်ကလေးကို မသတ်ပါလင့်ဟု ပြောဆို တားမြစ်ကြမည့် စိတ်နှလုံးနူးညံ့၍ အဆွေခင်ပွန်းဖြစ်သော အမတ်ကြီးတို့ မရှိကြကုန် တကား
အချင်းတို့ အကျွန်ုပ်တို့မင်းကြီးကို အရှင်မင်းကြီး၏ ရင်သွေးဖြစ်သော သား တော်ကလေးကို မသတ်ပါလင့်ဟု ပြောဆို တား မြစ်ကြမည့် စိတ်နှလုံးနူးညံ့သော ဆွေမျိုးဉာတိတို့ မရှိကြ ကုန် တကားဟု ဟစ်အော်လျက် ငိုကြွေးမည်တမ်းကာ လက်နှစ်ဘက် တို့ဖြင့် ရင်သားကိုမလျက် အရှင်မင်းကြီး ထီးမွေ နန်းမွေခံဖြစ် သော ဓမ္မပါလသတို့သားကလေး၏ စန္ဒကူးနှစ်တို့ဖြင့် လိမ်းကျံ အပ်ကုန်သော လက်မောင်းနှစ်ဘက်တို့သည် မြေ၌ပြတ်ကုန်၏။ အရှင်မင်း ကြီး အကျွန်ုပ်၏ အသက်တို့သည် ကျင်နာလှကုန်၏ဟုငိုကြွေးမြည် တမ်းစဉ်ပင် စန္ဒာဒေဝီ မိဖုရားကြီး၏ နှလုံးသည် မီးလောင်သော ဝါးဝယ် ဝါးကွဲသကဲ့သို့ ဖျန်းဖျန်းကွဲကာသေဆုံးလေ၏။ မင်းကြီး သည် ပြသာဒ်အပြင်မှ မြေသို့ကျလေ၏။ မြေကြီး လည်း မဟာပတာပမင်း ကြီး၏ ကျေးဇူးမဲ့ကို ရွက်ဆောင်ထားရန် မတတ်နိုင်တော့သဖြင့် နှစ်ဖြာကွဲ၍ ဟင်းလင်းဖြစ်လေ၏
ထိုအခါ အဝီစိငရဲကြီးမှ မီးတောက်မီးလျှံ တက်လာပြီးလျှင် ကမ္ဗလာနီခြုံ သကဲ့သို့ မဟာပတာပမင်းကြီးကိုယူ၍ အဝီစိငရဲကြီး ၌ ပစ်ချလေ၏။
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ် ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုကို အနုသန္ဓေ ဆက်စပ်တော်မူလျက
ရဟန်းတို့
❀ ထိုအခါ မဟာပတာပမင်းသည် ယခုအခါဒေဝဒတ်
❀ စန္ဒာဒေဝီမိဖုရားကြီးသည် မဟာဇာပတိဂေါတမီ
❀ ဓမ္မပါလမင်းသားသည် ငါဘုရားဖြစ်လာပြီဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

No comments:

Post a Comment